နေပြည်တော်၊ ဇွန် ၁၉
ဇွန် (၁၅) ရက်တွင် ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ အခမ်းအနား ပထမပိုင်းအဖြစ် နံနက် (၅) နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များသည် ပျဉ်းမနားမြို့မှ ပင့်သံဃာ ဆရာတော် (၉) ပါးအား အာရုံဆွမ်း ဆပ်ကပ်ကြပြီးနောက် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်း ဆရာတော် အဂ္ဂမဟာပဏိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာကြားပြီး လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ပါဠိတက္ကသိုလ်ကျောင်း ဆရာတော်ထံမှာ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
နံနက်(၉)နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် လက်ရှိဦးစီးဌာနများအနေဖြင့် ယခင်ကတည်းက အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းဖြစ်တည်ခဲ့ရာမှ ၁၉၉၅ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် ဝန်ကြီးဌာနတစ်ခု သီးသန့်အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့်အတွက် ယခုဌာန ဖြစ်တည်မှုမှာ ၂၇ နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန် (၃) ရပ်ချမှတ်ကာ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လုပ်နည်းလုပ်ဟန်များ ပိုမိုထိရောက် မှန်ကန်မြန်ဆန်စေရေးအတွက် ခေတ်မီနည်းပညာ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိဌာနလုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားများ ဝင်/ထွက် သွားလာမှုနှင့် ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်ရေးလုပ်ငန်းများ၊ နိုင်ငံအတွင်းရှိ နိုင်ငံသားများအားလုံး ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိရေးအတွက် ဆောင်ရွက်ထုတ်ပေးခြင်း လုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မူဝါဒများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုမည့် လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအားလုံးက ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ ခေတ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံနှင့်ဌာနအပေါ် သစ္စာစောင့်သိကြပြီး အစဉ်အလာကောင်းများနှင့် ဖြစ်တည်လာခဲ့သည့် ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့မှသည် အနာဂတ် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုအားနှင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်လင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များသည် ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း Video Clip ပြသမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနမှ နိုင်ငံတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူး တံဆိပ်ရရှိကြသူများ၊ သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိကြသူများ၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုများ၏ သားသမီးများကိုလည်းကောင်း၊ ဝန်ထမ်းမိသားစုဝင်များ၏ ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ကိုယ်စားလှယ်များထံသို့လည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဝန်ကြီးဌာန၏ ပညာရေးဖောင်ဒေးရှှင်းရန်ပုံငွေ တည်ထောင်မှု မတည်ရန်ပုံငွေ ကျပ်သိန်း (၅၀) ကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ပေးအပ်လှူဒါန်းကြရာ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များကို ဝန်ထမ်းများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်