နေပြည်တော်၊ ဇွန်   ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်ပွဲကို ယနေ့ မွန်းလွဲ(၁) နာရီခွဲတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ် အသုံးဝင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ ယင်းကတ်ပြားကို ပြည်သူများ ရရှိကိုင်ဆောင်နိုင်စေရေးအတွက် ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မရရှိသေးသူများရှိနေသေးပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံသားအားလုံး ၎င်းတို့၏နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို ဥပဒေနှင့်အညီ ကိုင်ဆောင်နိုင်စေရေးအတွက် မိမိတို့ဌာနမှ ပန်းခင်းစီမံချက်ဖြင့် နေရာဒေသအနှံ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အထိ (၁၈) လကြာ သတ်မှတ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရန် အရေအတွက် လျာထား သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် စတင်ချိန်မှ (၁၂) လကြာ၊ တစ်နှစ်ပြည့်မြောက်ပြီး ကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီ၊ မကွေးနှင့် ရခိုင်စသည့် တိုင်းဒေသကြီး/ ပြည်နယ် (၇) ခုတွင် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး မွန်ပြည်နယ်သည် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၉၄၀၄၃) ကတ် ထုတ်ပေးရန်လျာထားရာ ယခုအထိ (၃၀၉၀၉၃) ကတ်၊ (၁၀၅ ဒသမ ၁၂) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် (၈) ခုမြောက် ပြည်နယ်လုံးကျွတ် လျာထားချက် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်ကြောင်း။

မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် မိမိတို့ဌာန၏ မြို့နယ်ရုံးများရှိ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆/၆၆) နှင့် နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများရှိ အချက်အလက်များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ Online ဖြင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့ဆောင်ရွက်သည့် လုပ်ငန်းကိုလည်း ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော် အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်းစီမံချက်ကို ပြည်နယ်လုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကို ပေးအပ်ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မွန်ပြည်နယ်မှ ဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးသည်။

 

mdn

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် မွန်ပြည်နယ်အတွင်း ခရိုင်နှင့်မြို့နယ်များ၏ ပန်းခင်းစီမံချက် လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသပြီး မွန်ပြည်နယ်ရိုးရာ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အသီးသီး၏ ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ပန်းခင်းစီမံချက်ပြီးစီးမှု အထောက်အထား မှတ်တမ်းများနှင့် ဝန်ထမ်းများက နိုင်-၄ မှတ်တမ်းများကို ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်နှင့် သထုံစသည့် ခရိုင်(၂)ခု၊ မြို့နယ် (၁၀) မြို့နယ်၊ ရပ်ကွက် (၁၀၆) ခု၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စု၊ ကျေးရွာပေါင်း (၁၁၄၄) ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၉၄၀၄၃) ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု (၃၀၉၀၉၃) ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၀၅ ဒသမ ၁၂) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် ပြည်နယ် လုံးကျွတ်လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ပြီး မြောက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ခန်းမရှိ ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံကာ ပန်းခင်းစီမံချက်နှင့် ဆက်စပ်၍ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ယင်းလုပ်ငန်းစဉ်နှင့်စပ်ဆက်၍ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် e-ID စနစ် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်