နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန (၁၀) ခုတို့မှ ဝန်ထမ်းများ၊ (၇၅) နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် ဝန်ထမ်းများ ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဦးထွန်းအုံနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကူညီပံ့ပိုးပေးခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ဝန်ကြီး ဌာနစိတ်ဓာတ်၊ အနုပညာသမားပီသသော အနုပညာသည်စိတ်ဓာတ်၊ နိုင်ငံ့ဝန်ထမ်းကောင်း ပီသသော နိုင်ငံ့ဝန်ထမ်း စိတ်ဓာတ်အပြည့်အဝဖြင့် မိမိဝန်ကြီးဌာနက ဆောင်ရွက်ရသောလုပ်ငန်း တာဝန်များကို အပြည့်အဝ ထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ရပါကြောင်းနှင့် ဂုဏ်ပြုချီးမွမ်းထိုက်သူများ ဖြစ်ကြပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို နှင့် တာဝန်ရှိသူများက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန (၁၀) ခုတို့မှ ဝန်ထမ်းများ၊ ပြည်နယ်/ တိုင်းဒေသကြီးများ၏ အမည်စာလုံး သရုပ်ဖော်ဆောင်ရွက်နိုင်ရေး ပါဝင်ကြီးကြပ်ခဲ့သော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ်နှင့် ဝန်ထမ်းများ၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေပွဲတော် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် အနုပညာဦးစီးဌာနမှ အငြိမ်းစား ဂီတပညာရှင် (၃) ဦးနှင့် အနုပညာရှင်ဝန်ထမ်းများ၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ တက်ရောက်ရန် လာရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့မှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့သည့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဒုတိယပါမောက္ခချုပ်နှင့် နည်းပြများ၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားတွင် နောက်ခံ LED ပုံရိပ်ပိုင်းဆိုင်ရာများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့သော Myanmar Computer Company L.td.(MCC)မှ ကျောင်းအုပ် ဦးကျော်သက်အောင်နှင့် နည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက လက်ခံရယူခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ဦးစီးဌာနများ၏ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


