နေပြည်တော် စက်တင်ဘာ ၂၂ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်   ဒုတိယ ဝန်ကြီး ဦးထွန်းအုံတို့သည်  ယနေ့မွန်းလွဲ ၂ နာရီက အမျိုးသားပြတိုက်(နေပြည်တော်)သို့ ရောက်ရှိ ပြီး Vault အခန်းတွင် ထိန်းသိမ်းထားရှိသော ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် မြင်းမူမြို့နယ်မှ ရရှိသော နယားခေါင်း လက်ကြပ်၊ ကျိုက္ကသာမြို့ဟောင်းမှရရှိသော ရွှေပြားများ၊ ပုဂံခေတ်တာ ရာဒေဝီ နတ်သမီးပုံ၊ ပုလဲမြို့နယ်မှ ရရှိသော ပျူခေတ်ပုတီးလုံးများ၊ တွံတေး မြို့နယ်မှရရှိသော ပုဂံခေတ်ရွှေအုန်းဖူး ဆွဲကြိုး အစရှိသည့် ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း ရွှေထည်ပစ္စည်း(၆၀၁) ခုကို ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦးလွင်နှင့် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးသင်းတို့က ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသားပြတိုက် (ရန်ကုန်)တို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုများကို ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသည့်  မြန်မာ့ယဉ်ကျေးမှုများနှင့် မြန်မာလူမျိုး၏စွမ်းဆောင် ချက်(Soft Power)များကို ဖော်ထုတ်ပြသရန်၊ ခေတ်မီဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ်မှန်ကန်ကာ အဆင့်အတန်းမြင့်မားသည့် ပြတိုက်ဖြစ်စေရန်စသည့် ရည်ရွယ်ချက် များဖြင့် အများပြည်သူအတွက် ဖွင့်လှစ်ပြသထားရှိသောပြတိုက်ဖြစ်ကြောင်း၊ ပြတိုက်ပစ္စည်းများ ကို လုံခြုံရေးအစီအစဉ်များ စနစ်တကျချမှတ်ဆောင်ရွက်သွားရန်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ခင်းကျင်း ပြသရန် လျာထားသည့် တိုင်းရင်းသားယဉ်ကျေးမှု ပြခန်းကို အဆင့်အတန်းမီဖြင့် ပြီးစီးအောင်ခင်း ကျင်းရန်၊ အများပြည်သူများအား ဖွင့်လှစ်ပြသနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်