နေပြည်တော် မေ ၂၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ် စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်သင်တန်းများ စတင်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးစိန်မော် က လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်တွင်း ပြည်ပနိုင်ငံ များမှ သင်တန်းသားများတက်ရောက်ကြမည့် အခြေအနေ၊ တက္ကသိုလ်အိပ်ဆောင်များ၌ နေရာချ ထား ပေးမည့်အခြေအနေနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းလှူဒါန်းသည့် မြေ ၂ ဒသမ ၇၆၂ ဧကပေါ်ရှိ သင်တန်းသားအိပ်ဆောင် ၂ ဆောင် ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် သင်တန်းသားများထားရှိနိုင်မည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြုပြင်ပြီးစီးသော အိပ်ဆောင်များ၌ သင်တန်းသား များထားရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်