ရန်ကုန် ဇန်နဝါရီ ၁၀
အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် စိတ်ခွန်အားရရှိစေရန်အတွက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန က စီစဉ်ကပြမည့် “အသက်ထက်မြတ်သောဂုဏ်သိက္ခာဇာတ်တော်ကြီး” ဇာတ်တိုက် လေ့ကျင့်နေမှု၊ အသံပိုင်း၊ မီးပိုင်းနှင့် ဆက်တင်ပိုင်းဆိုင်ရာများကို ယနေ့နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
“အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး”သည် မြန်မာ့သမိုင်းတွင် ရတု ရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဓံအနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ အခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာ တွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သော နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံအတွင်း ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်း တစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော သမိုင်းနိဂုံး ဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာဖြစ်ရပ်တစ်ခု အနေ ဖြင့် တင်ဆက်ကပြရခြင်းဖြစ်သည်။
အဆိုပါ ဇာတ်တော်ကြီးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအ မှတ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သော ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင် နေကြသောဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသော တပ်မ တော်သားများနှင့် မိသားစုများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများကို ဇန်နဝါရီ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် မွန်းလွဲ ၁ နာရီမှစ၍ တင်ဆက်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်