ရန်ကုန် နို၀င်ဘာလ ၁

 

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက်ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဆရာတော်များနှင့် မော်ကွန်းထိန်း ဆရာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစီအစဉ်အရ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသက အဖွင့်သမ္မောဒနီယ သြဝါဒကထာ မြွက်ကြား သည်။

 

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အစည်းအဝေး အစီအစဉ်အရ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၀) အစည်းအဝေး မှတ်တမ်းကို တင်ပြအတည် ပြုချက်ရယူခြင်း၊ ဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၁) အစည်းအဝေးမှ တင်ပြချက်များ၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်/မန္တလေး) တို့မှ တင်ပြချက်များ၊ (၂၆) ကြိမ်မြောက်နှင့် (၂၇) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနား၌ ဘွဲ့ခံယူမည့် ရဟန်းတော်များစာရင်းကို အတည်ပြုခြင်းနှင့် အထွေထွေ ကိစ္စရပ်များကို  သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းက တင်ပြလျှောက်ထားသည်။

 

ယင်းနောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးသို့ ကြွရောက်လာကြသည့် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကာ အစည်းအဝေးကို ရုပ်သိမ်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် မဟာဂီတသီချင်းကြီးများ စိစစ်ရေး၊ ဂီတသင်္ကေတ မှတ်တမ်းပြုစုရေး လုပ်ငန်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၄ နာရီတွင်  ရန်ကုန်မြို့ရှိ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်