နေပြည်တော်  အောက်တိုဘာ ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ Component III တွင်ရှိသော ယုန်လွှတ်ကျွန်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ပုဂံအစယုန် လွှတ်ကျွန်းကဖြစ်၍ ယုန်လွှတ်ကျွန်းသည် သမိုင်းကြောင်း တန်ဖိုးကြီးမား၍ မပျက်မယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် တူးဖော်သုတေသန လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနော်ရထာမင်းကောင်းမှု စွယ်တော် လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် တုရင်တောင်စေတီအား  ဖူးမြော်ပြီး ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ထံ ငွေကျပ် သိန်း ၃၀ လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ပုဂံခေတ်က ရေအရင်းအမြစ် ဖြန့်ဝေပေးသည့် မြကန်နှင့် ပုဂံမြို့၏ရှုခင်းအလှကို တုရင်တောင်ပေါ်မှနေ၍ ကြည့်ရှုလေ့လာသည်။

mdn

ကြည့်ရှုလေ့လာစဉ် ပြည်ထောင်စုဝန်ကြီးက တုရင်တောင်ခြေရှိ မြကန်သည် ပုဂံမြို့၏ အထက်ပေ ၂၅၀ ခန့်တွင်တည်ရှိပြီး တုရင်တောင်မှကျသောရေ၊ အနီးပတ်ဝန်းကျင် ချောင်းများမှ စီးဆင်းသောရေများကို သိုလှောင်ပြီး ရေစစ်ကန်များဖြစ်သည့် အလံပုဂံ၊ အလယ်ကန်၊ မင်းနန်သူလေးထောင့်ကန်၊ ညောင်လက် ဖက်ကန်၊ ရွှေထီးကန်တို့မှတစ်ဆင့် ကျုံးထဲသို့ ဝင်ရောက်ကြောင်း သုတေသနပြုလေ့လာ ဖော်ထုတ်ချက်များအရ သိရှိရသဖြင့် အဆိုပါမြကန်မှတစ်ဆင့် ရေသိုလှောင်မှုနှင့် ရေပေးဝေမှုစနစ် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုကို အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက် (ရန်ကုန်)နှင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်တို့တွင် သဲမြေပုံကဲ့သို့ Model ပုံများဖြင့် ခင်းကျင်းပြသရန်လိုကြောင်း၊  မြကန်မှ တစ်ဆင့် ပုဂံမြို့သို့ ရေပေးဝေသောစနစ် ဆောင်ရွက်ထားခြင်းသည် ပုဂံခေတ်ရေအသုံးချ စီမံခန့်ခွဲမှုစနစ်ကို တွေ့မြင်နိုင်ပါကြောင်း။

ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ရေပေးဝေသည့် ရေလမ်းကြောင်းများမှာ ပိတ်ဆို့နေပြီး ယခင်ရေစီးကြောင်းအတွင်း ကောင်းစွာမစီးဆင်းနိုင်တော့ဘဲ ဘုရား၊ စေတီ၊ ပုထိုးများအနီးတွင် ရေကြီးခြင်း၊ ရေဝပ်ခြင်းစသည့် သဘာဝဘေး အန္တရာယ်များကို ခံစားနေရသည်မှာ ယခုနှစ် မိုးရာသီက မီးမောင်းထိုးပြသနေပါကြောင်း၊ ထို့ကြောင့် ပုဂံခေတ်က တည်ရှိခဲ့သော ရေလမ်းကြောင်းများ မြေမျက်နှာသွင်ပြင် ရှုခင်းများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသခံများနှင့် လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့်အညီ ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းများနှင့် အညီ စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

သတင်းစဉ်