နေပြည်တော် ဩဂုတ် ၆
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (14th Mekong-Japan Foreign Ministers Meeting)သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu က သဘောပတိအဖြစ် ဆောင်ရွက်ပြီး မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု၏ (၁၄)နှစ်တာကာလအတွင်း များစွာသောစီမံကိန်းများဖြင့် မဲခေါင်ဒေသတွင်း ပြည်သူများအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အစဉ်အလာချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပြည်သူအချင်းချင်းရင်းနှီးချစ်ကြည်မှုတို့ကို ခိုင်မာစေသည့် ကောင်းမွန်သောအခြေခံကောင်းများ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားမှုကို ရင်ဆိုင်နေရသည့် ခက်ခဲသောကာလဖြစ်ပြီး ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအစိုးရမှ လူနာတင်ယာဉ်များ၊ အောက်ဆီဂျင်စက်များလှူဒါန်းမှုနှင့် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး ပြန်လည်ထူထောင်ရန် COVID-19 Crisis Response Emergency Support Loan အမေရိကန်ဒေါ်လာ သန်း(၂၈၀) ပေးအပ်ခဲ့ခြင်းတို့အပေါ် အထူးကျေးဇူးတင်ရှိကြောင်း၊ COVAX program မှတဆင့် ကိုဗစ်ကာကွယ်ဆေးများ ရရှိနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးအပ်ရာတွင် “တိုကျိုမဟာဗျူဟာ ၂၀၁၈” (Tokyo Strategy 2018) အောင်မြင်မှုများကို ချီးကျုးပြောကြားခဲ့ပြီး၊ မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာအသစ်ရေး ဆွဲရာတွင် ဒီဂျစ်တယ်ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့်ဖော်ဆောင်ရေး၊ ကျန်းမာရေးနှင့်ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေခံလက်မှတ်များကို အပြန်အလှန်အသိအမှတ်ပြုရေး၊ ခရီးသွားလာရေးအတွက် လိုအပ်သည့် အထောက်အထားနှင့် လုပ်ငန်းစဉ်များတပြေးညီဖြစ်စေရေးအစရှိသည့် ဖွဲ့စည်းမှုဆိုင်ရာ ချိတ်ဆက် ညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန် ထည့်သွင်းရေးဆွဲသွားရေးတို့ကိုလည်း အကြံပြုဆွေးနွေးသည်။
ထို့အပြင် မဲခေါင်ဒေသအတွင်း လူတိုင်းကျန်းမာရေးဝန်ဆောင်မှုရရှိစေရေး ရည်မှန်းချက်အား အကောင်အထည် ဖေါ်သည့် လုပ်ငန်းစဉ်အစိတ်အပိုင်းတစ်ရပ်အဖြစ် ကိုဗစ်ကာကွယ်ဆေး ပူးတွဲသုတေသနလုပ်ငန်းများ၊ ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် အကူအညီပေးမှုများ၊ ကာကွယ်ဆေးတပြေးညီရရှိရေး စသည်တို့ကို ဦးစားပေး ဆောင်ရွက်သွားရန်နှင့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်တိုးတက် မှုတို့ကို ထည့်သွင်းဆွေးနွေးသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်သည်။
မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသအတွင်း လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထောက်အကူပြုရန် မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာအကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


