ရန်ကုန် မတ် ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ   မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး  Dr.Md.Monwar Hossainနှင့် ဇနီး၊ တာ၀န်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး  က နှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၅၄) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ သံအမတ်ကြီးနှင့်ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

အဆိုပါဧည့်ခံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့် ဇနီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း နှင့် ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ရန်ကုန်မြို့ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဇနီး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်