ရန်ကုန်- အောက်တိုဘာ ၂၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဒေသတွင်း နိုင်ငံများ၊ အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော လုပ်ငန်းအခြေအနေများ၊ လူသားချင်းစာနာထောက် ထားမှု အကူအညီ ပေးအပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း စဉ်များ၏အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိသော မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပညာရှင်များ ရှုထောင့်မှ အကြံဉာဏ်များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် အကြံပြုတင်ပြသွားနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး မှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များကအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြ ကြသည်။
(သတင်းစဉ်)