နေပြည်တော် ဇူလိုင် ၂၇ 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးမြှင့်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ကို ပြန်လည်လည်ပတ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင် စက်ရုံပြန်လည် လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရုံပြန်လည်လည်ပတ်ချိန်တွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်နှင့် ဝန်ထမ်းများ စုစည်းလေ့ကျင့်ထားကြရန်လိုကြောင်း။
အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေးအတွက် Site Survey ဆောင်ရွက်ခြင်း၊ စက်ရုံဒီဇိုင်းရေးဆွဲခြင်း၊ စက်ရုံအတွက်လိုအပ်သည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထုတ်လုပ်ရရှိလာမည့် စက်သုံးဆီ အရည်အသွေးကို အနိမ့်ဆုံး EURO 4 Standard ရရှိအောင် ရည်မှန်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ရေနံချက်စက်ရုံ လည်ပတ် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကြိုတင်မျှော်တွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိ စက်ရုံဝန်ထမ်းများကို ကုန်ထုတ်လုပ်မှု အပိုင်းသာမက ကိန်းဂဏန်း အချက်အလက်နှင့် စီမံခန့်ခွဲမှု အပိုင်းများကိုပါ ကျွမ်းကျင်နားလည် တတ်မြောက်စေရေး လိုအပ်သည့် သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ် ကျင်းပသွားကြရမည်ဖြစ်ကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနနှင့် ဖွံ့ဖြိုးရေး အစီအမံများသည် အရေးကြီးသဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ပြန်လည် လည်ပတ်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့နှင့် တွေ့ဆုံ၍ စက်ရုံဒီဇိုင်းနှင့် အကွက်ချပုံစံ၊ နည်းပညာပိုင်းဆိုင်ရာများ၊ စက်ရုံသုံး ရေအရင်းအမြစ် ရရှိနိုင်မှု အခြေအနေ၊ လက်ရှိ စက်ရုံအား ပြန်လည်ဆယ်တင်နိုင်မည့် အခြေအနေနှင့် သတ်မှတ်ကာလအတွင်း စက်ရုံလည်ပတ်နိုင်ရေး အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြီး စက်ရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံသင်တန်းကျောင်း၌ စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေး ကိစ္စရပ်များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် တည်ရှိပြီး ယခုအခါ နိုင်ငံတော်၏ စက်သုံးဆီ လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်ရှိထူထောင်ထားပြီးဖြစ်သည့် စက်ကိရိယာများ၊ အခြေခံအဆောက်အဦများကို အတတ်နိုင်ဆုံး ဆယ်တင်၍ ပြန်လည်အသုံးချပြီး စက်ရုံကို အပိုင်းလိုက် တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်