နေပြည်တော် ဇန်နဝါရီ ၂၀
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဖျောက်သဘာဝ ဓာတ်ငွေ့မြေ သို့သွားရောက်၍ ပါးလွှာသဲကြောများကို လေ့လာ၊ တွက်ချက်၊ သုတေသန ပြုလုပ်၍ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည့်တွင်း အမှတ် ၅၀ နှင့် ၅၄ တို့ကို သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ အသစ်တူးဖော်လျက်ရှိသောတွင်းအမှတ် ၆၀ သို့ရောက်ရှိပြီး တာဝန်ရှိသူများက အဖျောက် သဘာဝဓာတ်ငွေ့မြေ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ သဘာဝဓာတ်ငွေ့တွင်းဟောင်းများကို ပြန်လည် လေ့လာတွက်ချက် သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်းကဏ္ဍအတွက် မှတ်တမ်းကောင်းတစ်ခုရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်ပါ ကြောင်း၊ အခြားသော ရေနံမြေများတွင်လည်း ယခုလိုရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တွင်းသစ်တူးဖော်နေသည့် တွင်းအမှတ် ၆၀ ကိုလည်း အောင်မြင်မှုများ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများကို ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီနည်းပညာများကို အသုံးချနိုင်ရေး လိုအပ်သောလေ့လာသင်ယူမှုများ လုပ်ဆောင်ရန်လိုကြောင်း၊ ယခု သုတေသနပြုမှု၏ အောင်မြင်မှုနှင့် AI နည်းပညာတို့ ပေါင်းစပ်အသုံးပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ခြင်းဖြင့် ခိုအောင်းနေနိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး တိုးမြှင့်၍ ထုတ်လုပ်လာ နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အဖျောက်သဘာဝဓာတ်ငွေ့မြေရှိတွင်းအမှတ် ၅၀ နှင့် ၅၄ တို့မှ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြု လက်ဆောင်ဓာတ်ပုံကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဓာတ်ငွေ့မြေရှိ အစည်း အဝေးခန်းမတွင် ရေနံမြေဝန်ထမ်းဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြာပြီး ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
အဖျောက်သဘာဝဓာတ်ငွေ့မြေကို ၁၉၉၁ ခုနှစ်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရာမှ ယခုပြန်လည်၍ ထွက်ရှိခဲ့ခြင်းဖြစ်သည်။ တိုးမြှင့်ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ယူရီးယားဓာတ်မြေဩဇာစက်ရုံများ၊ အိမ်သုံးရေနံဓာတ်ငွေ့ရည် (LPG) စက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး CNG မော်တော် ယာဉ်များသို့ သဘာဝဓာတ်ငွေ့ပိုမို့ဖြန့်ဖြူးပေးလျက်ရှိသည်။ ကုန်းတွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလျော့နည်းကျဆင်းလာသောကြောင့် သဘာဝဓာတ်ငွေ့သုံး CNG မော်တော် ယာဉ်များအတွက် လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် ရတနာ၊ ဇောတိက၊ ရွှေ ကမ်းလွန်စီမံ ကိန်းများမှထုတ်လုပ်သော တန်ဖိုးမြင့်သဘာဝဓာတ်ငွေ့များနှင့် အချိုးကျရောစပ်ဖြန့်ဖြူး ပေးခဲ့ရသော်လည်း ယခုအခါ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ပြီး CNG မော်တော်ယာဉ်များအတွက်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်သဖြင့် ကမ်းလွန်စီမံကိန်းများမှ တန်ဖိုးမြင့်သဘာဝဓာတ်ငွေ့ ရောစပ်ဖြန့်ဖြူးခြင်းကိုလျှော့ချနိုင်ပြီ ဖြစ်သည်။
ထိုသို့ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ စတင်၍ပါးလွှာသဲကြောများကို လေ့လာတွက်ချက် သုတေသနပြုအောင်မြင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးကဏ္ဍ ဆန်းသစ်လာတော့မည့် လက္ခဏာတစ်ရပ်ပင်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်