နေပြည်တော် မေ ၁၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်) ရှိ National Control Center နှင့် Advanced Metering Infrastructure (AMI) Control Center တို့ကို ကြည့်ရှု၍ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် မီတာဖတ်စနစ်များ၊ မီတာခကောက်ခံသည့် စနစ်များကို Digital စနစ်သို့ ကူးပြောင်းနေသည့် အရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၃၀ ကေဗွီ နေပြည်တော် ပင်မဓာတ်အားခွဲရုံကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကာလ အတွင်း ဓာတ်အားဖြန့်ဖြူးရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ကြိုတင်တွက်ဆ၍ ဓာတ်အားလိုင်းတစ်လျှောက် ရှင်းလင်းခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်ထားရှိမှုနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ရေပိုလွှဲဒီဇိုင်းအတွက် Hydraulic Model Test ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


