ရန်ကုန် ဒီဇင်ဘာ ၁၂
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Dr. Rashid Abdulla Al-Kuwari နှင့် တာ၀န်ရှိသူများသည် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြပြီး ကာတာနိုင်ငံသံရုံးတာဝန်ခံက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးနှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့သည် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကာတာနိုင်ငံ သံရုံးတာဝန်ခံက တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါဧည့်ခံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာ၀န်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


