နေပြည်တော်၊ ဇန်နဝါရီ ၂၃

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စက်သုံးဆီ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ပိုမို ဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်း သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့စီမံ ဆောင်ရွက်နေရာတွင် ခရီးသည်များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ CNG ကို သက်သာသော ဈေးနှုန်းဖြင့် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးထားမှုများအပေါ်တွင် ပြည်သူများ အကျိုးခံစားမှု ရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရမှု လျော့ကျသွားစေရေး၊ CNG သည် စက်သုံးဆီများနှင့် နှိုင်းယှဉ်ပါက သန့်ရှင်းသော စွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသကဲ့သို့ မိမိတို့ နိုင်ငံတွင်လည်း တိုးမြှင့်သုံးစွဲနိုင်ရေး၊ ၎င်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြစေရန်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဓာတ်ငွေ့ ထပ်မံ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ရန်ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့ သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက စနစ်တကျအကောင်အထည်ဖော်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စနစ်ကျစွာ အသုံးပြုနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့သည် စဉ်ဆက်မပြတ်ထိတွေ့ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံနှင့် အချိန်ဇယား ရေးဆွဲသွားမည်ဖြစ်ပါကြောင်း သိရသည်။

သတင်းစဉ်