နေပြည်တော် ဩဂုတ် ၂၃
သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား(အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများ/တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ၊ အသင်းအုပ်ချုပ်သူ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားသမား များက အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုကြကာ ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးပြီး အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့ကို ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို ဩဂုတ် ၂၃ ရက်မှ ၂၇ ရက်ထိ ကျင်းပသွား မည်ဖြစ်ပြီး ဦးစီးဌာနများ/ တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲအသင်း (၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာသို့ သွားရောက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့်သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုဘဏ္ဍာနှစ်၌ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းကို ကျေးရွာပေါင်း (၂၉)ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျေးရွာ(၁၃)ရွာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဤစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားအောင် အိုးမကွာ၊ အိမ်မကွာဖြင့် ဆောင်ရွက်လိုသူများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်း မရှိသည့် လူငယ်လူရွယ်များ၊ လုပ်ငန်းထူထောင်လို သော်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာလိုအပ်သူများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များသင်ကြားပေးပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် MSMEs ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(စီမံကိန်း)က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေတိုး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား(၁၀)ဦးကို သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများကို ဩဂုတ် ၂၃ ရက်မှ ၂၉ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန် တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ကရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ်နှင့် Video Conferencing စနစ်ဖြင့်တွေ့ဆုံပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်နိုင်ရေး MoC ရေးထိုးရန်ဆောင်ရွက်ထားရှိမှု၊ ရုရှားနိုင်ငံမှ နေကြာမျိုးစေ့များ ပံ့ပိုးပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


