နေပြည်တော် မတ် ၁၅
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဖွင့်ပွဲနေရာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးလက်နေ ဒေသခံပြည်သူ များ၏ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြားကုန်စည်များအား စျေးကွက်သို့ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ဖို့အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းများလိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေး နိုင်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၁၇)ရွာမှ အိမ်ခြေ (၂၇၈၃)အိမ်၊ လူဦးရေ(၁၄၅၈၃)ဦး တို့ကို တိုက်ရိုက်အကျိုးခံစားမှု ရရှိသည့်အပြင် ကျေးရွာများ၏ စိုက်ပျိုးမြေ ဧက ၉၀၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် ဆောင်ရွက်ပြီး လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရန်ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင် တို့က မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းအားကြည့်ရှု စစ်ဆေးသည်။
မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် ပေ ၅၂၈၀ ၊ လမ်း အကျယ် ၁၆ ပေရှိကာ ယခင်က ကျောက်လမ်းအဆင့်ဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံ ငွေကျပ် ၇၅၃ ဒသမ ၁၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေး ချိန် တန် ၂၀ ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူကျေးရွာ သားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီ သူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ကျေးရွာတောင်သူများကလည်း ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဲမွန်ခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ရန်ပုံငွေမှ အစုအဖွဲ့စနစ်ဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ကျေးရွာ ICT စင်တာဖွင့်လှစ်ထားရှိမှုနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ထားရှိမှု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း နှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည်စွက်မှာကြာခဲ့ကြောင်း သိရသည်။
သတင်းစဉ်