နေပြည်တော် မေ ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ညွှန်ကြားရေးမှူးများ၊ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့်ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်၍ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း”များကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ ကျေးရွာ (၁၅၅) ရွာကို ရွေးချယ်ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအောင် မြင်ရေးအတွက်ဌာနတွင် သင်တန်းတက်ရောက် အောင်မြင်ပြီးသူများအား ဆက်လက်ရပ် တည်နိုင်ရေးလိုအပ်သည့် အရင်းအနှီးများ၊ စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် အောင်မြင်နိုင်မည့် လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်စေပြီး အောင်မြင်သူများကို ထိုက်တန်စွာ ဆုများပေး အပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းကို ဦးဆောင်မည့်ဌာနက စီမံကိန်းတာဝန်ခံ ဝန်ထမ်းများနှင့် ကျေးရွာ(၁၅၅)ရွာမှ ရွေးချယ်ထားသော ကျေးရွာအဖွဲ့ခေါင်း ဆောင်များကိုခေါ်ယူပြီး စီမံကိန်းလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းပြည်သူများ အလုပ် အကိုင်ရရှိပြီး ဝင်ငွေတိုးပွားစေရေးတို့အတွက် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍ မိမိတို့ ရွေးချယ်ထားသော ကျေးရွာခေါင်းဆောင်များကို ပရဟိတစိတ်မွေးကြရန်၊ ခေါင်းဆောင်အင်္ဂါရပ်များနှင့်အညီ ဦးဆောင်ကြရန်နှင့် စီမံကိန်းအောင်မြင်အောင် ထကြွနိုးကြားစိတ်ဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လာပါက သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်၍ အားလုံးပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊    

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများအားလုံး ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်ချက်များ အတိုင်း မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရေး၊ ပြည်သူ့ဘဝတိုးတက်စေရေး၊ လူနေမှုအဆင့် မြင့်မားစေရေးတို့အတွက် မိမိတို့တတ်စွမ်းသည့် အတတ်ပညာ၊ အသိပညာများအား အသုံးချ ဆောင်ရွက်ပေး ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူမှ ပေါက်ဖွားလာသည့် ပြည်သူ့ဝန်ထမ်းကောင်း ပီသစွာဖြင့် ပြည်သူ့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများ၊ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ ခေါင်းဆောင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)