နေပြည်တော် ဩဂုတ် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သစ်အခြေခံ ပရိဘောဂသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်း ကျေးရွာ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သော သင်တန်းဖြစ်သည့်အတွက် သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သစ်အခြေခံ ပရိဘောဂ နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူပြီး ဒေသတွင်းပေါများစွာထွက်ရှိသည့် သစ်များအခြေခံ၍ကို စံချိန်မီ တန်ဘိုးရှိ ပရိဘောဂပစ္စည်းများ ထုတ်လုပ်နိုင်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ကြိုးစား သင်ယူ ကြစေလိုကြောင်း ပြောကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ သင်တန်းကို သင်တန်းသား (၁၆)ဦးဖြင့် တစ်လကြာ ကိုယ်ပိုင်လုပ်ငန်း ထူထောင် နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူ ထောင်မည့် ထူးချွန် သင်တန်းသား (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်များ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာသုံးရွာ အိမ်ခြေ ၉၈၈ အိမ်၊ လူဦးရေ ၄၀၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် သဲကောလေး- ဝဲကြီးကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အားကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေ ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၊ ရုံးတောကျေးရွာ သို့ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းပိုင် စိုက်ပျိုးမြေများပေါ်တွင် ရွှေဝါထွန်း(၂)စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိ တက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်၍ မိုးကြိုဝါနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးသီးနှံများ ရိတ်သိမ်း ပြီးပါက အကျိုးအမြတ်ရရှိမှုများကို အသင်းသားတောင်သူများအား ခွဲဝေဆောင်ရွက်ပေးသွားရန် မှာကြားသည်။
ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကိုပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


