နေပြည်တော် ဩဂုတ် ၆
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေများ ကြီးမြင့်လာပြီး ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီ တိုင်းတို့တွင် ရေကြီးနစ်မြုပ်ခဲ့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အချို့ဒေသ များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးကြောင့် ရေကြီး နစ်မြုပ်ဧရိယာများတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ရေသန့်စင်စက်များဖြင့် ရေဖြန့်ဝေခြင်း၊ ရေသန့်ဆေးပြားများ ဆေးထုပ်များ ဖြန့်ဝေခြင်း၊ ကလိုရင်းဆေးခတ်ခြင်း စသည့်လုပ်ငန်းများအပြင် ကော်မတီဝင် အခြားဌာနများကလည်း သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသည် တွေ့ရပါကြောင်း။
ထို့ပြင် အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများအတွက် သီးနှံမျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးဝါး၊ တိရစ္ဆာန်အစာ ထောက်ပံ့ပေးနိုင်မှု၊ ငါး၊ ပုစွန် သားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးမည့် အစီအစဉ်များ၊ စားရေရိက္ခာအတွက် အရန်ဆန် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်မှု၊ ကူညီကယ်ဆယ် ထောက်ပံ့ပေးခဲ့မှု အခြေအနေများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများနှင့် ပတ်သက်၍ ရေတို၊ ရေရှည်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအတွင်း ရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ကော်မတီဝင်ဌာန များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားနိုင်မှု၊ ရေရှားပါးကျေးရွာများအတွက် ရေဖြန့် ဝေပေးနိုင်မှု၊ လတ်တလောဖြစ်ပေါ်နေသည့် ရေကြီးနစ်မြုပ်ဒေသများတွင် ဆောင်ရွက်ပေးနေမှု၊ ရေကြီး နစ်မြုပ်ဒေသများတွင် ထိခိုက်ပျက်စီးမှု ကွင်းဆင်းစစ်ဆေးဆောင်ရွက်ထားမှု၊ အရန်မျိုးစပါး စုဆောင်း ထားရှိမှု၊ ကြိုတင်ပျိုးထောင်ထားရှိမှု၊ အစားထိုးသီးနှံစိုက်ပျိုးရန် လျာထားမှု၊ တိရိစ္ဆာန်ကာကွယ်ဆေး ထိုးမည့် အစီအစဉ်များ၊ ပညာပေးဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော် မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပျက်စီးသွားသော လယ်မြေများ အချိန်မီပြန် လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးနှင့် သွင်းအားစုများပံ့ပိုးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီး လုပ်ငန်းများ ပြန်လည်သုံးသပ်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


