နေပြည်တော် မတ်

 

ဆိုလာအသေးစားဓာတ်အားပေးစနစ် အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်း အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးတွင် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်လုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင် အထက် ဝေးကွာသော၊ နောင် (၁၀) နှစ်၊ (၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိနိုင်သော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုအသေးစားဓာတ်အားစနစ်များဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိ အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁၀,၀၇၅)ရွာနှင့် အသေးစား ဓာတ်အားစနစ် (Mini-Grid)ဖြင့် စီမံကိန်းကျေးရွာပေါင်း(၁၇၁)ရွာတွင် တပ်ဆင်စွမ်းအား ၄၈ ဒသမ ၉၀၈ မဂ္ဂါဝပ်ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်၍ လူဦးရေ ၂ ဒသမ ၅ သန်း အကျိုးပြုနိုင်ခဲ့ပါကြောင်း၊ ယခုအခါ မဟာဓာတ်အား လိုင်းပြင်ပဧရိယာ၏ ၃၉ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်သည့်အတွက် နိုင်ငံတော်ရန်ပုံငွေ တစ်ခုတည်း ဖြင့်သာမက နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သလို လက်ရှိတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြစ်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကျေးလက်မီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

 ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှ အသိပညာမျှဝေမှု၊ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းပုံစံများချမှတ်နိုင်ရန် နှီးနှောဖလှယ်မှုဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိလာစေမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးအနေဖြင့် မိမိတို့၏ အတွေ့အကြုံများ၊ ဗဟုသုတများကို အခြေခံပြီး ကဏ္ဍရပ်အားလုံးအတွက် ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး တို့က အမှာစကားပြောကြားကြသည်။

 

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဆိုင်ရာ ကျေးလက်မီးလင်းရေးလုပ်ငန်းများနှင့် အသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူများက ဆိုလာအသေးစားဓါတ်အားပေး စနစ်များဆောင်ရွက် ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ အတားအဆီးများနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်က ဆိုလာ အသေးစားဓာတ်အားပေးစနစ်ဆိုင်ရာ နည်းပညာနှင့် အသုံးချနိုင်မှုများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စန္ဒာဦးက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ အသုံးပြုမှုနှင့် ရှေ့အလားအလာများ ကိုလည်းကောင်း၊ Inner Mongolia University of Technology, China မှ Professor Dr. Yan JIA နှင့် Professor Charlie DOU တို့က အသေးစားဓာတ်အားပေးစနစ်ဆိုင်ရာ ဆိုလာစွမ်းအင်သုံးထုတ်လုပ်မှုနည်းပညာ ရပ်ဖွံ့ဖြိုး ရေးနှင့် တိုးတက်မှုအခြေအနေများ၊ ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိမှုတွင် ဆိုလာအသေးစားဓာတ်အားပေး စနစ် ရေရှည်ဖွံ့ဖြိုးစေရေးအတွက် အဓိကအချက်များကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က တနင်္သာရီတိုင်းဒေသကြီး၏ လျှပ်စစ်စွမ်းအင်ရရှိမှု အခြေအနေနှင့် အသုံးပြုလျှက်ရှိသော စွမ်းအင်ရင်းမြစ်များကိုလည်းကောင်း၊ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းမှုအပေါ် ကဏ္ဍအလိုက်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဦးစီးဌာနများ တာဝန်ရှိသူများ၏ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြုံပြုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)