နေပြည်တော် ဇန်နဝါရီ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စီမံကိန်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အရာထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးပြည်နယ်များအနေဖြင့် ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များအတိုင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်ရုံးများကလည်း အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ရွှေဝါထွန်း(၂) စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက်တို့ ပူးပေါင်းကာ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းလို အပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်