နေပြည်တော် မတ် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာ စေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝဏသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co.,ltd ၏ စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံတာဝန်ခံက ဒေသထွက်ကုန်များဖြစ် သော သရက်သီး၊ ဇီးသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးနှင့် ကော်ဖီစေ့တို့ကို အဆင့်မြင့်ထုတ်ကုန် Value Added များအဖြစ် ထုတ်လုပ်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တောင်သူများ၏ စိုက်ပျိုးသီးနှံထွက်ကုန်များအား တန်ဖိုးမြင့်ထုတ်ကုန် Value Added များအဖြစ် ပြောင်းလဲကာ ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေများ ရရှိနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရှိပြီး အဆိုပါဌာနမှ ဒေသထွက်ကုန်များအား အဆင့်မြင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး လိုအပ်သည့် နည်းပညာ သင်တန်းများနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ အရင်းအနှီး လိုအပ်ပါက MSME ရန်ပုံငွေ လျှောက်ထားနိုင်ကြောင်း၊ သမဝါယမအသင်းများနှင့် အသင်းစုချုပ်များက သေချာလေ့လာ ၍ လိုက်ပါဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားသောက်ကုန်ထုတ်လုပ်မှု စက်ရုံအတွင်း သစ်သီးယို၊ ဇီးသီးခြောက်၊ နာနတ်သီးခြောက်၊ စတော်ဘယ်ရီသီးခြောက်၊ သရက်သီးခြောက်၊ ဂရိတ်ဖရုသီးယို၊ ရှောက်သီးယို၊ ခရမ်းချဉ်သီးခြောက် ထုတ်လုပ်နေမှုကိုလည်းကောင်း၊ သရက်သီး၊ ဇီးသီး၊ နာနတ်သီး၊ ရှောက်သီး၊ မန်ကျည်းသီးနှင့် ပင်မှည့် ဖျော်ရည်ထုတ်လုပ်နေမှုကိုလည်းကောင်း၊ သရက်သီးသနပ်၊ မရမ်းသီးသနပ် ထုတ်လုပ်နေမှုနှင့် အသင့်သောက်ကော်ဖီ ထုတ်လုပ်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ခြေ (၂၄၅) အိမ်၊ လူဦးရေ (၈၆၇) ဦးကို အကျိုးပြုသည့် သပြေစမ်းကျေးရွာအဝင်လမ်းပေ (၄၈၅၀) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်