နေပြည်တော် ဇွန် ၉
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများစနစ်တကျ ထွန်းကားစေရေး၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ အရည်အသွေးပြည့်မှီစွာ ဈေးကွက် တင်ပို့နိုင်ရေးအတွက် ကျေးရွာနှင့် မြို့ပြချိတ်ဆက်သောလမ်းများ၊ ကျေးရွာတွင်ရှိသည့် ဈေးကွက်နှင့်ချိတ်ဆက်သော လမ်းများစသည့် ကျေးလက်လမ်းကွန်ယက်များ ချိတ်ဆက်ရန် လိုအပ်လျက်ရှိပြီး ဝန်ထမ်းများအားလုံး နားလည် သဘောပေါက်ကာ တာဝန်ကျေပွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကျေးလက်နေ ပြည်သူများ၏ ကျေးလက်လမ်းတံတား လိုအပ်ချက်များ တင်ပြလာမှုကို အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် ရာသီမရွေးဆက် သွယ်သွားလာနိုင်သောလမ်းများ ဖြစ်ပေါ်အသုံးပြုနိုင်ရေး အတွက် အလေးထားစီမံဆောင်ရွက်သွားရန်နှင့် ကျေးလက်လမ်းနှင့် တံတားများ စီမံဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဈေးကွက်နှင့် အခြား ဝန်ဆောင်မှုများအပြင် နိုင်ငံအဝန်းဖွံ့ဖြိုးရေးဆိုင်ရာ ကန့်သတ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ပြည်နယ်နှင့် တိုင်းညွှန်ကြားရေးမှူးများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တီထွင်ကြံဆကြိုးပမ်းလုပ်ဆောင်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများကို အချိန်နှင့် တစ်ပြေးညီ တင်ပြပြီး ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုက်နာရမည့် တင်ဒါစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်စံချိန်စံညွှန်းများကို ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒဖြစ်သည့် ကျေးလက် လမ်းနှင့် တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံးက အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)