နေပြည်တော် မေ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနပိုင်မြေနေရာ၌ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ ယာယီ နေထိုင်နိုင်ရေး စီစဉ်တည်ဆောက်ပေးနေသည့် အိမ်ရာများကိုလည်းကောင်း၊ အဆိုပါမြေနေရာနှင့် ရုံးသို့ဆက်သွယ်သော လမ်းဖောက်လုပ်နေမှုကိုလည်းကောင်း၊ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းတူးဖော်နေမှုကိုလည်းကောင်း၊ ကွန်တိန် နာများ စီစဉ်ချထားမည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လမ်း၊ ရေ၊ မီး၊ မိလ္လာစနစ်များအပါအဝင် ဘာရှာများကို မေ ၁၅ ရက် ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ၁၇ ရက်တွင် ပြောင်းရွှေ့နေရာချထားပေးရန် မှာကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ယန္တရားဝင်းသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်း ၁၀ ခန်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဝင်ရောက် နေထိုင်နေမှုများကို ကြည့်ရှုစစ်ဆေးကာ စနစ်တကျ နေရာချထားပေးရန်နှင့် ကြော်လှော်ချ က်ပြုတ်ရာတွင် လျှပ်စစ် မီး၊ မီးဖိုမီးများ စနစ်တကျအသုံးပြုရန် မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာသို့သွားရောက်၍ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ လူမှုစီးပွား မြှင့်တင်ရေးစီမံကိန်းတို့ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးနေသော သမဝါယမအသင်းသားများနှင့်တွေ့ဆုံပြီး သမဝါယမအသင်းသား တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် (၄) မျိုး မှန်ကန်စွာဖြင့် ပန်းတိုင် အထွက်နှုန်းရရှိရေး ကြိုးပမ်းစိုက်ပျိုးကြရန်၊ လိုအပ်သည့် မျိုး၊ သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးရန်၊ သီးထပ်သီးညှပ်စိုက်ပျိုးကြရန်နှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပေါက်မြိုင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် ရေဖြန့်ဝေပေးနေမှုကို လည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသော ဒေါ်ခင်ထွေး၏ ဇူးအိချယ် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား ပေ ၆၀၀ ၏ ထိခိုက် ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ အင်ဂျင်နီယာများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်မှုလမ်းကြောင်း မပြတ်တောက်ရေး အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန်၊ ဆက်လက်ပြင်ဆင် ဆောင်ရွက်နိုင်မည့်အစီအမံများ တင်ပြကြရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်