နေပြည်တော် ဒီဇင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ ဧက(၂၀၀) ရှင်းလင်းဆောင်တွင် တောင်သူလယ် သမားများ၊ ရေအသုံးချသူများအဖွဲ့ (Water User Group)၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင် စားသုံးဆီများဖူလုံရေး ဆောင်ရွက်နေကြောင်း၊ နေကြာသီးနှံအား စနစ်တကျစိုက်ပျိုးပြုစု ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းတိုးနိုင်ပြီး စိုက်ပျိုးသူများ၏ ဂရုစိုက်မှုပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားနိုင်ကြောင်း၊ ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးရေးအတွက် နိုင်ငံတော်မှ ရန်ပုံငွေများ ချထားပေးလျက်ရှိကြောင်း၊ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် စိုက်ပျိုးသည့် ဧကပေါ်မူတည်၍ ချေးငွေများချေးယူနိုင်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေးကို စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစုများ ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထွက်ရှိလာသော သီးနှံများကိုလည်း ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရာတွင် တောင်သူလယ်သမားများအနေဖြင့် စိတ်သဘောထားတူသူများ စုပေါင်း၍ သမဝါယမအဖွဲ့အစည်းများ ဖွဲ့စည်းရန်လိုအပ်ကြောင်း၊ စုပေါင်းစိုက်ပျိုး၊ စုပေါင်းရောင်းချ၍ ဝင်ငွေများ ရရှိရုံသာမက Refund ငွေများ ပြန်လည်ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ရရှိလာသော Refund ငွေများမှ(၈၀)ရာခိုင်နှုန်းကို တောင်သူအား ထပ်မံပေး အပ်မည်ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းအား သမဝါယမအသင်းရန်ပုံငွေအဖြစ် စုဆောင်းထားရှိမည်ဖြစ် ကြောင်း၊ စုဆောင်းထားရှိငွေ များပြားလာပါက အသင်းပိုင် လယ်လုပ်ကိရိယာ၊ စက်ကိရိယာ ပစ္စည်းများ၊ ရင်းနှီးမတည်ငွေများ ခိုင်မာလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှုနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော တောင်သူလယ်သမားများက အဆင့်မြင့် လယ်ယာဖော်ထုတ်ရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ ကုန်ထုတ်လမ်းတံတား တည်ဆောက်ပေးရေး လုပ်ငန်းများ တင်ပြချက်အပေါ် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ယင်းနောက် တက်ရောက်လာသော တောင်သူလယ်သမားများကို နေကြာမျိုးကောင်း မျိုးသန့်မျိုးစေ့များကို ပြည်ထောင်စုဝန်ကြီးက ပေးအပ်ခဲ့ပြီး စက်ဖြင့် နေကြာစိုက်ပျိုးခြင်း၊ စက်ဖြင့် မတ်ပဲ စိုက်ပျိုးခြင်း၊ စက်ဖြင့် ကောက်ရိုးထုံးခြင်း၊ Sub Soiler ဖြင့် မြေပြုပြင်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာ၌ ဆောင်းသီးနှံနေကြာ စိုက်ပျိုးထားသော ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာ သားများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက် ထားရှိသည့် ကွင်းအမှတ် (၁၆၇၇) ၌ နေကြာစိုက်ဧက (၃၅၃) ဧကအား ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ထိန်းသိမ်းရေး၊ ဌာနများနှင့် တောင်သူအစုအဖွဲ့များ တာဝန်ခွဲဝေ သတ်မှတ်ဆောင်ရွက်ရေးနှင့် စိုက်ပျိုးရာသီအမှီ ရေပေးဝေနိုင်ရေးအတွက် ဒီဇင်ဘာလကုန်အပြီး ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံအတွင်း ဆောင်းသီးနှံ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြေအောက်ရေ စက်ရေတွင်းပေါင်း ၂၈ တွင်း၊ မြေပေါ်ရေ မြစ်၊ ချောင်း၊ မြောင်းတို့မှ ဆိုလာရေတင်စနစ် လုပ်ငန်း ပေါင်း ၉၆ ခုဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးရွာပေါင်း ၆၈ ရွာနှင့် စိုက်ပျိုးဧက ၃၅၀၀ အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်