နေပြည်တော် ဩဂုတ် ၂၄

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းအရ “မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်များဖြစ်ပေါ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်နိုင်ငံ ၅ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ကြောင်း။

ယခု မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)စီမံကိန်းကို ၂၀၂၂ခုနှစ် ဧပြီလမှ ယခုနှစ် စက်တင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး  စီမံကိန်း လုပ်ငန်း တစ်ခုဖြစ် သည့် အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်၏ အခန်း ကဏ္ဍအလုပ် ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။

ဆွေးနွေးပွဲတွင် သမဝါယမအသေးစားချေးငွေလုပ်ငန်းနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ သမဝါယမအသင်းများ၏ အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်နေမှုများ၊ မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များ၊ သမဝါယမအသင်းများ ပိုမိုကောင်းမွန်စွာ ရပ်တည် ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို နှီးနှောဖလှယ်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် CBC Myanmar Microfinance မှ Managing Director နှင့် Chief Operating Officer ၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မန္တလေး တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သုံးသပ်အမှာစကားပြောကြားသည်။

သတင်းစဉ်