နေပြည်တော်၊ ဒီဇင်ဘာ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ် ရိုးဂိုးရွာဟောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမ အသင်းများဖွဲ့စည်း၍ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာ ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်-မုဒုံ-သံဖြူဇရပ် ကားလမ်းမကြီးမှ သာမည စင်္ကြာတောင်သို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုဒုံမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိကြရာ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကာလရှည် သင်တန်းအဖြစ် ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်းသူ (၁) နှစ်သင်တန်း၊ လက်ရက်ကန်း (၆) လ သင်တန်း၊ ကာလတိုသင်တန်းအဖြစ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုး ဆေးနည်းသင်တန်း ဖွင့်လှစ်ပို့ချနိုင်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းများ ပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားပြီး သင်တန်း နည်းပြများ၊ သင်တန်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) သို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေး၊ စွမ်းရည်များ ပြည့်ဝစေရေးအတွက် ကြိုးစားသင်ကြားပေးရန် လိုကြောင်း၊ သင်တန်းကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်း ပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသားကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားကာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်း သံကူကွန်ကရစ် နှစ်ထပ် သင်တန်းသားဆောင် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်