နေပြည်တော် နိုဝင်ဘာ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံသို့ ရောက်ရှိပြီး ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် စက်ရုံအား အမြန်ဆုံးပြန် လည်လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိမြို့နယ်များ မြန်ဆန်စွာ တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း၊ ယင်းတို့ကိုအခြေခံသော မည်သည့်စီးပွားရေး လုပ်ငန်းမျိုးကိုမဆို အသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက အားပေးကူးညီသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို စနစ်တကျ အစီအစဉ်ရေးဆွဲ တင်ပြလာမည် ဆိုပါက လိုအပ်သည်များကို အချိန်တိုအတွင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နို့ချက်စက်ရုံအား ပြန်လည်လည်ပတ်ရာတွင် စက်ရုံကို ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးဦးသို့ အပြတ်ငှားရမ်း လုပ်ကိုင်စေခြင်းထက် သမဝါယမအသင်းစုချုပ်နှင့် လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေသော ကာလအတွင်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


