နေပြည်တော် ဒီဇင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တို့သည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ နှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကင်းလပ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ် တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်း လာရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင်ကြရန်လိုအပ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် တစ်ဦးက ကျေးရွာဆိုင်ရာအချက်အ လက်များရှင်း လင်းတင်ပြပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း လမ်း အရှည်ပေ ၁၂၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စဉ့်ကိုင်မြို့နယ်နယ်၊ အုန်းပင်ခြံကျေးရွာရှိ မြို့နယ်သမဝါယအသင်းစုပိုင် တန် ၂၀ ကျ ပုလဲအမှတ်(၈) အဆင့်မြင့် ဆန်စက်သို့ရောက်ရှိပြီး သမဝါယအသင်းသားတောင်သူများ၊ ဒေသခံ ပြည်သူများ နှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၁ ဧက လျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် တိုက်တွန်းမှာကြားပြီး မြို့နယ်သမဝါယမအသင်းစုပိုင် တန်(၂၀)ကျ အဆင့်မြင့် ဆန်စက်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆန်စက်အား စွမ်းအားပြည့်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၄၀၇ အိမ် ၊ လူဦးရေ ၁၇၉၀ နှင့် စိုက်ပျိုးမြေ ဧက ၅၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် တောင်နောက်ကျေးရွာနှင့် သင်တောင်းကျေးရွာဆက်သွယ်သော ကျေးရွာ ချင်းဆက်လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန် ဆောင်ရွက်ပြီးစီးမှုအခြေအနေ အား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery & Snack) ထုတ်လုပ်မှု နည်းပညာအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်းများကိုသာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး လုပ်ငန်းထူထောင်ဖို့ လုပ်ငန်းသုံးပစ္စည်း များ ထောက်ပံ့ပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ စီမံကိန်းသင်တန်းများဖွင့်လှစ်ပို့ချပြီးပါက သင်တန်းတွင် ထူးချွန်းသူများအနက်မှ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူ (၅)ဦးကိုရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က သင်တန်းမှ လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့်ရရှိသည့် ထူးချွန်သူ သင်တန်းသားများနေဖြင့် ရရှိသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ကာ ၆ လအတွင်း အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသို့ လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရယူမှာ ဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကလည်း စီမံကိန်းလုပ်ငန်းများ အမြဲမပြတ်စောင့်ကြည့် စစ်ဆေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသားများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ သင်တန်းများကိုယ်စား သင်တန်းသူတစ်ဦးကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်