နေပြည်တော် ဇူလိုင် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာရှိ ရွှေညောင်ပင်နို့စားနွား မွေးမြူရေးသမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွား မွေးမြူသူအသင်းသားများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် သက်ဆိုင်ရာတာဝန်ရှိသူများက မိတ္ထီလာခရိုင်အတွင်း သမဝါယမအသင်းများမှ နို့စားနွားနှင့် ဒေသနွားမွေးမြူထားရှိမှု၊ မျိုးကောင်းမျိုးသန့်၊ တိရစ္ဆာန်အစာနှင့် ခြံများတည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မည့်အစီအမံများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်တို့အတွင်း နို့စားနွားနှင့် ဒေသနွားမကောင်ရေ (၅၃၀) တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် မိတ္ထီလာမြို့နယ်အတွင်း သမဝါယမအသင်း (၇) သင်းမှ နို့စားနွား (၄၁၂) ကောင်၊ ဒေသနွားမ (၄၂၁) ကောင် တိုးချဲ့မွေးမြူမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမ အသင်းရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မျိုး၊ အစာနှင့် ခြံတည်ဆောက်ခြင်းများအတွက် ပံပိုးဆောင်ရွက် ပေးလျက်ရှိကြောင်းပြောကြားပြီး နို့စားနွားမွေးမြူသူ အသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရွှေညောင်ပင်နို့စားနွားမွေးမြူရေး သမဝါယမအသင်းမှ နို့စားနွားမွေးမြူသူ အသင်းသားများကို နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အစာစရိတ်နှင့် နွားခြံဆောက်လုပ်ရန် သမဝါယမအသင်းချေးငွေများ ပေးအပ်ပြီး နို့စားနွားမွေးမြူထားရှိမှု ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် ကောင်းထက်စံ နို့စားနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နို့နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်အရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြား၍ အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဖွင့်လှစ်ပို့ချလျက်ရှိသော စက်ချုပ်သင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လည်းကောင်း၊ လိန်တောကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများလည်းနှင့််ကောင်း၊ မိတ္ထီလာမြို့နယ် တောမကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာ သားများနှင့်လည်းကောင်း၊ မိတ္ထီလာမြို့ရှိ သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံပြီး ဆရာ ဆရာများ၊ ဒေသခံတောင်သူများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၇၇၉ အိမ် ၊ လူဦးရေ ၃၀၀၀ တို့ကို အကျိုးပြုပေးနိုင်မည့် အင်ကြင်းကန် - အုတ်ဖို - ကြံပင် - ထန်းတော ကျေးရွာချင်းဆက် လမ်းကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဇီးဖြူကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူ အားလုံးက လမ်းရေရှည်ကောင်းမွန်စေရေးနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်