နေပြည်တော် ဩဂုတ် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာသို့ ရောက်ရှိစစ်ဆေးပြီး မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အသေးစား တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သမဝါယမအသင်း ရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့် လိုအပ်သည့် မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းကပါကျေးရွာကို ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း (Smart Village) ၏ အဓိကကဏ္ဍကြီး (၆) ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွား မြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးပြောကြားပြီး ကျေးရွာတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပျော်ဘွယ်မြို့ရှိ မန်းရတနာဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်းဝယ်ရေးစက်ရုံများသို့ ရောက်ရှိပြီး တိုးချဲ့ဆောင်ရွက်လိုသည့် ဝါကြိတ်စက်ကို သမဝါယမစနစ်ဖြင့် အရင်းအနှီး ထောက်ပံ့ပေးနိုင်ရေးနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာတာ ဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ်ကူတိုကျေးရွာရှိ ရတနာရွှေကူစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၌ ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဝါမျိုးစေ့ပေးအပ်ပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အသင်းသား တောင်သူ ၈၆ ဦး၏ ဝါစိုက်ဧက ၂၃၂ ဧက အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစု ဓါတ်မြေဩဇာများကို ပေးအပ်ခဲ့ပြီး အသင်းသားတောင်သူများ၏ ဝါစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကူတိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဝင်ငွေတိုးစီမံကိန်းသင်တန်းမှ ထူးချွန်သူ သင်တန်းသား (၅) ဦး စပျစ်ဝိုင်ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ရင်ကွဲပင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေကိုလည်းကောင်း၊ ပုပ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ၌ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အိမ်ရှင်မဆီစက်တည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


