နေပြည်တော် နိုဝင်ဘာ ၂၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာဂလ-သန့်ဇင်လှ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် လုပ်ငန်းအားလုံးပြီးစီးပါက သာဂလ၊ သန့်ဇင်လှ ကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသော ပုဗ္ဗသီရိမြို့နယ် သပြေစမ်း ကျေးရွာနေ တောင်သူဦးအောင်ခိုင်၏ မိုးစပါးရိတ်သိမ်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက GW-11 မိုးစပါးမျိုး အနေဖြင့် တစ်ဧကလျှင် စပါးတင်း ရေ ၁၁၈ တင်းထွက်ရှိမှုနှင့် GW-18 စပါးမျိုး အနေဖြင့် စပါးတင်းရေ ၁၀၀ ထွက်ရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာမြစိမ်း ရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး နိုင်ငံတော်မှ သမဝါယမ စနစ်ဖြင့် ကျေးရွာတောင်သူများအား သွင်းအားစုရရှိရေးနှင့် နည်းပညာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင် ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေများ ပြန်လည် ပေးဆပ်မှသာ ပြန်လည်ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းမှရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာအဝင်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသော အိမ်တိုင်ရာရောက် ရေမီတာစနစ်သုံး ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာသူကျေးရွာသားများ တတ်နိုင်သောနှုန်းဖြင့် ရေခွန်ရေခ ကောက်ခံသွားရန်နှင့် ရေပေးဝေရေးလုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)