နေပြည်တော် ဧပြီ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် တောင်သာအုပ်စု သူဌေးကုန်းကျေးရွာရှိ နေပြည်တော်သမဝါယမအသင်းစုချုပ်၏ ပြောင်းချဉ်ဖတ်စက်ရုံသို့ ရောက်ရှိကြပြီး နေပြည်တော်သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောင်သူများ ဝင်ငွေတိုးပွားလာအောင် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ ကျေးလက်နေ တောင်သူများ၏ လူနေမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာအောင် မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုထုတ်လုပ်နေသည့် ပြောင်းချဉ်ဖတ်သည် ခြောက်သွေ့ ကာလတွင် တိရစ္ဆာန်များ၏ အစာရှားပါးမှု ပြဿနာကို ဖြေရှင်းပေးပြီး တိရစ္ဆာန် ကြီးထွားမှု၊ အသားနှင့် နို့ထုတ်လုပ်မှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အရည် အသွေး စံချိန်စံညွှန်းများပြည့်ဝပြီး ကျေးလက်နေပြည်သူများအတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းစေရန် အရေးကြီးပါကြောင်း၊ ယခုထုတ်လုပ်မှုသည် နမူနာ စံပြအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့် အရင်းအနှီးများ၊ နည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘေးကင်းလုံခြံမှုရှိပြီး အာဟာရပြည့်ဝသည့် တိရိစ္ဆာန် အစာများ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ သမဝါယမဦးစီးဌာန ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို Powerpoint ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိခရိုင် ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာသို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တောင်သူ (၃) ဦး၊ စိုက်ပျိုးဧက (၂၁ ဒသမ ၅) ဧကကို အကျိုးပြုစေမည့် ဆိုလာစနစ်ဖြင့် ဆင်သေချောင်းရေတင်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တောင်သူများ သီးနှံစိုက်ပျိုးရာတွင် စက်သုံးဆီ အသုံးပြုမှု ကုန်ကျစရိတ်များ လျော့နည်းသက်သာလာစေရန်၊ ရာသီမရွေး သီးနှံမျိုးစုံ စိုက်ပျိုး ထုတ်လုပ်လာနိုင်စေရန်တို့အတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်လုပ်ငန်း စီမံကိန်းကို ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြင့် ရေအရင်းအမြစ်များ လုံလောက်စွာ ရရှိလာမည်ဖြစ်ပြီး သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် မိသားစုဝင်ငွေ ပိုမိုရရှိ လာမည့် Pilot စီမံကိန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆင်သေချောင်း တလျှောက် တောင်သူများမှ ဆောင်ရွက်လိုပါက နည်းပညာ/ အသိပညာများ ပူးပေါင်းဆောင်ရွက် ပေးသွား မည်ဖြစ်ပါ ကြောင်း၊ အရင်းအနှီးသက်သာစွာဖြင့် အကျိုးအမြတ် များများ ရရှိလာနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်