နေပြည်တော် အောက်တိုဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာချင်းဆက်လမ်းနှင့် တံတားတည်ဆောက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(အပ်ငွေ) ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇီးကုန်း-လေသာ-သရက်တောလမ်းပေါ်ရှိ ဆင်သေချောင်း ကူးတံတား (ဇီးကုန်း) အရှည်ပေ ၄၅၀ တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော အရှည် ၆ ဒသမ ၆၃ ဖာလုံရှိ ဇီးကုန်း-လေသာ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ကျေးရွာချင်း ဆက်လမ်းနှင့် တံတားများ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးပါက လမ်းဘေး ဝဲ/ယာရှိ ကျေးရွာ (၁၁) ရွာ၊ အိမ်ခြေ (၄၆၄၈) အိမ်၊ လူဦးရေ (၁၆၄၆) ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝများဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ်(၁၆)ရှိ ဝန်ကြီးဌာန စားရိပ်သာ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေး အဆင်ပြေစေရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေးနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးကာ နေ့လည်စာကို ဝန်ထမ်းများနှင့်အတူ လက်ရေတပြင်တည်း အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)