နေပြည်တော် မေ

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့နံနက်ပိုင်းက ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများနှင့် ယာယီ ဘာရှာလိုင်း ခန်းများ တည်ဆောက်နေမှုအခြေအနေကိုကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ယာယီ ဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယင်လုံအိမ်သာများနှင့် ရေ၊ မီးစနစ် များ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ယာယီဘာရှာလိုင်းခန်းများအတွင်း မိုးရာသီတွင် ရေစီးရေလာကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာတွင် သမဝါယမဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ  ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်နိုင်ရေး ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများ၊ အဆိုပါ ဘာရှာလိုင်းခန်းများနှင့် ရုံးသို့ ဆက်သွယ်သော လမ်းဖောက်လုပ်နေမှု အခြေအနေများနှင့် ပြောင်းရွှေ့နေထိုင်သည့်ဝန်ထမ်းများ သောက်သုံးရေ အဆင်ပြေမှုရှိစေရေး စက်ရေတွင်းတူးဖော် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက ယာယီဘာရှာလိုင်းခန်းများအတွင်း မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်မှုရှိစေရေး၊ လျှပ်စစ်မီးအချိန်မီ ရရှိရေး၊ ဘာရှာလိုင်းခန်းနှင့် ရုံးသို့ဆက်သွယ်သောလမ်းအား မိုးမကျမီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် မေ ၁၅ ရက် နောက်ဆုံးထားပြောင်းရွှေ့နိုင်ရေး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)