နေပြည်တော် ဇူလိုင် ၂၄

 

နိုင်ငံ့စီးပွားမြှင့်တင်‌ရေး ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးနှင့် ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သပြေ တန်းကျေးရွာရှိ ယွန်းလျှံ လယ်ယာအထောက်အကူပြုစခန်းသို့ ရောက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံ ကာမိုးစပါး စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့် မျိုး၊ သွင်းအားစု၊ နည်းပညာ၊ အရင်းအနှီးများ ထောက်ပံ့ပေးလျက်ရှိပြီး အမှန်တကယ် ဆောင်ရွက် လိုသူများဖြင့် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းတိုးကာ ဝင်ငွေတိုးပွားလာ မည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ် ကွပ်ကဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဂရိတ်ဝေါစိုက်ပျိုးရေးကုမ္ပဏီ၏ အထွက်တိုးမျိုးစပါးများ ခင်းကျင်းပြသထားမှုကို ကြည့်ရှု အားပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေတန်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင် ရွက်နေသည့် အိမ်ခြေ (၃၁၈) အိမ်နှင့် လူဦးရေ (၁၂၁၂) ဦးတို့ကို အကျိုးပြုမည့် အရှည်ပေ (၃၂၀၀) ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများ၏ ကျေးရွာစာသင်ကျောင်း သောက်သုံးရေရရှိရေး လိုအပ်ချက် တင်ပြမှုအပေါ် ရေသန့်စက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စုရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ အသင်းအမှုဆောင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး သည့် သမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ အသင်းပိုင်မြေဧကများကို အကျိုးရှိစွာအသုံးပြုရေး၊ သဘာဝ မြေဩဇာများ ရောနှောအသုံးပြုရေးတို့ကိုမှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်း လီမိတက်၏ GW-11 အထွက်တိုးစပါးများ ပျိုးထောင်ထားမှု၊ ဝက်မွေးမြူထားမှု၊ နွားမွေးမြူထားမှုနှင့် နွားစာ အတွက် နေဗီယာမြက် စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အုန်းချို မွှေးပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)