နေပြည်တော် ဩဂုတ် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များကို နည်းပညာ လွှဲပြောင်းမှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး၊ပြည်နယ်များမှ တာဝန်ရှိသူများနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် နည်းပညာ ပံ့ပိုးပေးသည့် ဌာနဖြစ်ပြီး ပေးအပ်လိုက်သော နည်းပညာများသည် အဆင့်အတန်းမီသော နည်းပညာများဖြစ်မှသာ ကုန်ထုတ်လုပ်မှုများသည် ခေတ်နှင့်အညီ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ အဆင့်မြင့် နည်းပညာများပေးအပ်နိုင်ရန် နိုင်ငံတကာသုတေသနပြုမှုများ၊ စံချိန်စံညွှန်းများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာအခြေအနေ၊ ဈေးကွက် အခြေအနေ၊ စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီအောင် သုတေ သနပြုဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန်၊ နောင်လာနောင်သားများအတု ယူနိုင်စေရန်နှင့် တွေ့ရှိလာသည့်သုတေသနရလဒ်များကို လက်တွေ့ အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာ လွှဲပြောင်းခြင်း၊ သုတေသနပြုစမ်းသပ်ဆောင်ရွက်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက နည်းပညာလွှဲပြောင်းမှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး ဌာနက ပံ့ပိုးပေးလိုက်သည့် နည်းပညာများဖြင့် ထုတ်လုပ်ထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း များ၊ သုတေသနစာတမ်းများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


