နေပြည်တော် မတ် ၁၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည်  ပြည်မြို့နယ်၊ သရေခေတ္တရာရှေးဟောင်းဇုံ ပတ်လမ်း (နဂါးတွန့်တံခါးမှ ကျောင်းကုန်းကျေးရွာလမ်းပိုင်း) လမ်းတာဘောင်ချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် လမ်းရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြားသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ရှိ လူဦးရေ ၆၃၉၄ ဦး တို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီ သူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင် ပေးလျက်ရှိကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီး နှံအပြီး နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွားလာမည်ဖြစ် သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာတောင်သူများကလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးပြောကြားပြီး ကျေးရွာနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း သင်တန်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များ ခင်းကျင်းပြသထားရှိမှု၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း) သင်တန်းဆင်းသူများ ရက်လုပ်ထားသော ရိုးရာအဝတ်အထည်များနှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေရရှိရေးတင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သဲကုန်းမြို့နယ် ပုတီးကုန်းမြို့ရှိ အောင်သဇင် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်း၌ ဝါစိုက်တောင်သူများ၊ မြို့နယ် (၁၂) မြို့နယ်မှ သမဝါယမအသင်းသား တောင်သူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယခုအခါ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲလာခြင်း၊ လယ်ယာလုပ်သားများ ရှားပါးလာခြင်းတို့ကြောင့် လက်တွေ့ ထွန်ယက်စိုက်ပျိုးရေး ထွန်စက် များ၊ စိုက်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်လျက်ရှိပါကြောင်း၊ စက်မှုလယ်ယာ ထွန်ယက်သရုပ်ပြပွဲတွင် ထွန်စက်ကြီးများနှင့် ရိတ်သိမ်း ခြွေလှေ့စက်များကို ချိတ်ဆက်ရောင်းချ ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် တစ်ဦးချင်းအနေဖြင့် ဝယ်ယူ ရန် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက် ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဆောင်ရွက်နေသော JICA Two Step Loan နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှချေးငွေများနှင့် သမဝါယမချေး ငွေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာ လအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာက JICA Two Step loan ချေးငွေဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမ အသင်းသားတစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ အသင်းအစုအဖွဲ့ အနေဖြင့်လည်းကောင်း သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများမှ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုး၊ မျိုးစေ့များ၊ သွင်းအားစုများ ခင်းကျင်းပြထားမှုများကို ကြည့်ရှုအားပေးပြီး အသင်းသားတောင်သူများလိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ  ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမအသင်းစုများ၊ သက်ဆိုင်ရာကုမ္ပဏီတို့ပူးပေါင်း၍ အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုင်တွယ် အသုံးပြုနိုင်ရေးလိုအပ်သော သင်တန်းများပေးရန်နှင့် After Sale Service ပေးရန်လိုအပ်ကြောင်းနှင့် အပိုပစ္စည်းများ အလွယ်တကူရရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    

(သတင်းစဉ်)