နေပြည်တော် ဖေဖော်ဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားထုတ်ကုန်များ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ညောင်ရွှေမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ကျေးရွာရှစ်ရွာ၊ လူဦးရေ ၂၃၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ပေါင်းပိုင်း-လက်မောင်းကွေး ကျေးရွာချင်းလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်း ဆောင်၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ “တေဇာထွန်း”နှင့် “ဆင်ဖြူတော်” စားသောက်ကုန်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှု၊ ပြည်တွင်း၌ တင်ပို့ရောင်းချနေမှု၊ အကျိုးအမြတ်ရရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်ကုန်းမြို့၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံ သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်ရှိ တပေါင်းကွင်း၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲတွင်ပြသမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုထုတ်ကုန်ပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)