နေပြည်တော် အောက်တိုဘာ ၉
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လယ်ဝေးမြို့နယ်၊ ရုံးပင်-အေးချမ်းသာ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းတစ်လျှောက် ရေတိုက်စားမှုကြောင့် လမ်းသားနှင့် လမ်းပခုံးများပျက်စီးမှုအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားသို့ ဆက်သွယ်ထားသောလမ်းတွင် စစ်တောင်းမြစ်ကမ်းပါး ပြိုကျပြီး လမ်းတာဘောင် တိုက်စားသွားသည့်အတွက် ယာယီလမ်းလွှဲဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လတ်တလော လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ပြန်လည် ပြုပြင်ရေးလုပ်ငန်းများ အမြန်ပြီးစီးအောင် တွန်းအားပေး ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် လယ်ဝေးမြို့နယ် အေးချမ်းသာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးပြီး ကျေးရွာချင်းဆက်လမ်း တံတားများ၊ ကျေးရွာ ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အမြန်ဆုံး ပြန်လည်ထူထောင်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



