နေပြည်တော် အောက်တိုဘာ ၈

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်  တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အုန်းပင်-တောင်ပို့သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ လယ်ငယ်ချောင်းကူး ဘေလီတံတား ရေတိုက်စားမျောပါပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်း ဆက်သွယ်မှု မပြတ်တောက်စေရေး ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေ ကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာချင်းဆက် လမ်းပေါ်ရှိ ညောင်ကိုင်းချောင်းကူး သံကူကွန်ကရစ်တံတား ချဉ်းကပ်လမ်းများ ရေတိုက်စား ပျက်စီးမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်  သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ညောင်ကိုင်းကျေးရွာသို့ ‌ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာချင်းဆက် လမ်းတံတားများ၊ ကျေးရွာကုန်ထုတ်လမ်းနှင့် ကျေးလက် ရေပေးရေးလုပ်ငန်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်ပေးမည့် အခြေအနေ၊ သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ရရှိအောင် ဆောင်ရွက်ပေးသွားမည့် အခြေအနေနှင့် သဘာဝဘေးကြောင့် ထိခိုက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အမြန်ဆုံးပြန်လည်ထူထောင် ပေးသွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားကာ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်