နေပြည်တော် မတ် ၂၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဆီစက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိ လင်းစိန် ပုဂ္ဂလိကဆီစက်သို့ သွားရောက်၍ ဆီစက်မှ ကုန်ကြမ်းဝယ်ယူရရှိမှု၊ ဆီကြိတ်ခွဲနေမှု၊ ကြိတ်ဖတ်များအား ပြန်လည်ရောင်းချနေမှုနှင့် မြေပဲခွံများအား တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများကို နီးစပ်ရာကျေးရွာများမှ ဆီထွက်သီးနှံစိုက် သမဝါယမအသင်းသား တောင်သူများထံမှ  ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝယ်ယူသောကုန်ကြမ်းများ စနစ်တကျထားရှိရန် လိုအပ်ကြောင်း၊ ဆီကြိတ်ခွဲသော မြေပဲ၊ နှမ်း၊ နေကြာတို့ကို အမျိုးအစားအလိုက် တစ်တင်းဆီထွက်နှုန်းများကို စနစ်တကျ မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များကိုလည်း တိရိစ္ဆာန်အစာအဖြစ် ပြန်လည်ရောင်းချနိုင်ရေး စနစ်တကျထားရှိရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် လယ်ဝေးမြို့ရှိ လပြည့်ဝန်းဆီစက်သို့ရောက်ရှိပြီး မြေပဲကုန်ကြမ်းများ ဝယ်ယူနေမှု၊ မြေပဲဆီပြန်လည် ကြိတ်ခွဲနေမှု၊ ဆီစစ်ခုံနှင့် ပဲရွေးစက်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက FDA ကဲ့သို့သော လက်မှတ်များရရှိအောင် ဆောင်ရွက်၍ ထုတ်လုပ်မှုအရည်အသွေးကို ယခုပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ယခုထက်ပိုမို ထုတ်လုပ်ဆောင်ရွက်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များပူးပေါင်း၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း  ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ ဆီစက်များမှ ဒေသတွင်း နှစ်စဉ် စားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်မှု ရှိ၊ မရှိ စစ်တမ်း များကောက်ယူ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမ အသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နွားမွေးမြူရေးခြံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ချိန်အမီ နွားမျိုးကောင်းမျိုးသန့်များ ထည့်သွင်းမွေးမြူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီးနောက် နွားစတင်မွေးမြူချိန်တွင် နွားစာအဆင်သင့်ဖြစ်စေရန် နွားစာဟင်းနုနွယ်မြက် (၅)ဧက စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)