နေပြည်တော်၊ စက်တင်ဘာ ၂၂

 

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်းနှင့် တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ကျေးရွာများသို့ သွားရောက်အားပေးပြီး ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတိုက်စားပျက်စီးခဲ့သော လယ်ဝေးမြို့နယ် နေပြည်တော်မြို့ရှောင်လမ်းမကြီးမှ ကွမ်းခြံကျေးရွာဆက်သွယ်သောလမ်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအမြန်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများကို အမြန်ဆုံး တင်ပြသွားရန် ဆွေးနွေးမှာကြားသည်။

 

 

ထို့နောက် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် တောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ဦးစီးမှူးက မိုးစပါးနှင့် မိုးနေကြာစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီဂ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းပျက်စီးမှုများကို သဘာဝဘေး အလွန်ကာလတွင် အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီး နစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာရှိ နေကြာစိုက် အသင်းသားတောင်သူထံ ရေဆင်းစပ်မျိုး - ၁ နေကြာမျိုးစေ့များပေးအပ်ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာရှိ စက်ရေတွင်းများအား တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူများ လိုအပ်သည့် သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီ ရောက်ရှိရေးနှင့် ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မိုးစပါးရိတ်သိမ်းပြီးပါက ဆီထွက်သီးနှံ ဆောင်းနေကြာများ အချိန်မီစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြရန်လိုအပ်ကြောင်း ပြောကြား၍ ပြည်ထောင်စုဝန်ကြီးက ဇောင်ချမ်းကုန်းကျေးရွာရှိ နေကြာစိုက်အသင်းသားတောင်သူ ၅၀ အတွက် တီဘီအယ် (လ်) ကုမ္ပဏီမှ ထုတ်လုပ်သော ဆူရာကီရန် နေကြာမျိုးစေ့များနှင့် ရှရှားသဘာဝ မြေဩဇာအားဖြည့်ဆေးရည်များ ပေးအပ်ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်