နေပြည်တော် စက်တင်ဘာ ၂၄

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု  အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အလယ်ရွာ ကျေးရွာနှင့် ရှမ်းရွာကျေးရွာတို့၌ ရေတိုက်စားမှုများကြောင့် ကျေးရွာတွင်းလမ်းများ ပျက်စီးနေမှုများ၊ ကျေးရွာ ချင်းဆက်လမ်းများ ပျက်စီးခြင်း၊ လမ်းပခုံးများ ရေတိုက်စားပျက်စီးမှု အခြေအနေများနှင့် ကျေးရွာအတွင်း ပုဂ္ဂလိကပိုင် စက်ရေတွင်းများ တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေ့လျားရေသန့်စင်ကား ဖြင့်သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိ သူများအနေဖြင့် လတ်တလော လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ကျေးရွာချင်း ဆက် လမ်း၊ တံတားပျက်စီးမှုများအား အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးသွားရန်၊ ကျေးရွာနေပြည်သူ များ သောက်သုံးရေများရရှိရေး လိုအပ်သည်များ အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍  အလယ်ရွာကျေးရွာနှင့်  ရှမ်းရွာကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးရာ ပြည်ထောင်စုဝန်ကြီးက ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း ပြန်လည် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့်လည်း စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်း များဖွဲ့စည်းကာ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြား၍ ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ အလယ်ရွာကျေးရွာ အိမ်ထောင်စု (၁၀ဝ)၊ ရှမ်းရွာကျေးရွာရှိ အိမ်ထောင်စု(၁၂၀)တို့တွက် အိမ်ထောင်စုတစ်စုလျှင် ဆန်နှင့် အဝတ် အထည်များ ထောက်ပံ့ပေးအပ်ကာ ပုဂ္ဂလိက စက်ရေတွင်းများ တွင်းဆေးတွင်းမှုတ်ဆောင်ရွက်နေမှု ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ဝဲကြီးကျေးရွာသို့ သွားရောက်ပြီး ဆင်သေချောင်း ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာတွင်းလမ်းများနှင့် စိုက်ပျိုးသီးနှံများ ချောင်းရေတိုက်စားပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအား ဦးစားပေး အလိုက် အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)