နေပြည်တော် အောက်တိုဘာ ၇
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ ရောက်ရှိပြီး ရေကြီးရေလျှံ ရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသည့် ပဲလှော်ဖိုလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများ၏လုပ်ငန်းများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး အတွက် သမဝါယမဦးစီးဌာနမှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသည့်ချေးငွေဖြင့် ပဲလှော်ဖိုများပြင်ဆင်ခြင်း၊ အသစ်တည် ထောင်ခြင်း၊ ကုန်ကြမ်းများ ဝယ်ယူခြင်းနှင့်လုပ်ငန်းများ စတင်လည်ပတ်နေမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြင်ရန်ကျန်ရှိသော ပဲကြော်ပဲလှော်ဖိုများ အမြန်ပြုပြင် ဆောင်ရွက်သွားရန်၊ ပြင်ဆင်ပြီး ပဲကြော်ပဲလှော်ဖိုများကိုလည်း လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက် သွားရန်နှင့် ကျေးရွာရှိ ပဲစိုက်ပျိုးမည့် တောင်သူများအနေဖြင့်လည်း ပဲမျိုးစေ့များလိုအပ်ချက်ရှိပါက အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ပျက်စီးဆုံးရှုံးခဲ့သည့် ပဲကြော်ပဲလှော်ဖို(၄၈)ဖိုရှိပြီး ယခုအခါ ပဲလှော်ဖို(၁၈)ဖို ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီး ပြီဖြစ်၍ပြင်ဆင်ပြီး ပဲလှော်ဖိုများအနက် ပဲလှော်ဖို(၁၀)ဖိုမှာလုပ်ငန်းများ စတင်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာအုပ်စု ကွက်သစ်ကျေးရွာသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့်စိုက်ပျိုး သီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ရရှိအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဆန်များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ရေဘေးသင့်ခဲ့သည့် ပုပ္ဗသီရိမြို့နယ် အေးမြင့်သာယာစံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စာသင်ကျောင်းနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ကျေးရွာသူ ရွာသားများ စုပေါင်း၍ ကျေးရွာတွင်းလမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


