နေပြည်တော် နိုဝင်ဘာ ၂၁
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကွက်သစ်ကျေးရွာ ကျွန်းဦး ကျေးရွာနှင့် အေးမြင့်သာယာ ကျေးရွာများသို့ သွားရောက်ကာ CB Bank ၏ လှူဒါန်းငွေဖြင့် တည်ဆောက်ပြုပြင်ပေးလျက်ရှိသည့် နေအိမ်များ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ကွက်သစ်ကျေးရွာ၌ ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသော နေအိမ်(၅)လုံးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသစ် ပြန်လည်တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပြင်ဆင်ပေးရမည့် နေအိမ် (၇) လုံး၏ ပြန်လည်ပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ကျွန်းဦး ခေတ်မီစံပြကျေးရွာ၌ ရေဘေးသင့်၍ အလုံးစုံပျက်စီးသွားသော နေအိမ်(၁၈)လုံး၏ အလုံးစုံ တည်ဆောက်ပြီးစီးမှု ကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာစံပြကျေးရွာ၌ အလုံးစုံပြန်လည် တည်ဆောက် ပေးရမည့် နေအိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပေးရမည့် နေအိမ် (၁)လုံးတို့၏ တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ ယခုတည်ဆောက်ပေးသည့် နေအိမ်များ ရေရှည်တည်တံ့ရေးအတွက် ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းထိန်သိမ်း နေထိုင်ကြရန်၊ အားငယ်စိတ်ဓာတ် ကျခြင်းမျိုးမရှိစေဘဲ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင် တစ်နိုင်စီးပွားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျွန်းဦးကျေးရွာရှိ လမ်းဘေးဝဲယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် (၂) မြို့နယ်အတွင်းမှ ကျေးရွာ (၃) ရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံပြန်လည် ပြင်ဆင်ရမည့် နေအိမ် (၂၄) လုံးကို အလျားပေ ၂၀၊ အနံပေ ၂၀၊ အမြင့် ၁၆ ပေရှိ သွပ်မိုး၊ ထရံကာ ကျေးလက်အိမ်ရာများအဖြစ် အသစ်တည်ဆောက်ပေးခြင်း၊ တစ်စိတ်တစ်ပိုင်းပြင်ဆင်ခြင်း နေအိမ် (၈) လုံးကို ပြုပြင်တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင် တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်၍ ကျေးရွာရှိ မိသားစုဝင်များ တက်ရောက်နေထိုင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
သတင်းစဉ်


