နေပြည်တော် ဩဂုတ် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကုန်းတန်းကြီးကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိ သော ဖျောက်ဆိပ်ပင်ကန် အမှတ် (၁)၊ (၂)၊ (၃) ပြုပြင်တူးဖော်နေမှု၊ အရှေ့ဖွားစောကျေးရွာအဝင်မှ ဇယဝေရီကန်သို့ သွားသောလမ်း ဂျင်းကျောက် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အနောက်ဖွား စောကျေးရွာအဝင်လမ်း ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆောလျင်စွာ ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေးနှင့် လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဇယဝေရီကန် အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ညောင်ဦးမြို့နယ် သူဌေးကန်ကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော စက်ချုပ်သင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျေးရွာတောင်သူ များနှင့် တွေ့ဆုံ၍ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့ရှိ သမဝါယမ အသင်းစုပိုင် အနော်ရထာ ဆီစက်သို့ ရောက်ရှိပြီး ညောင်ဦးခရိုင်အတွင်းရှိ ဆီထွက်သီးနှံ စိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံ စိုက်ပျိုးသူများကို နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေး လျက်ရှိကြောင်း၊ ထွက်ရှိလာသောသီးနှံများအား ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမ ချေးငွေများ၊ မြစိမ်းရောင်စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေများ၊ ထောက်ပံ့ ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အနော်ရထာ ဆီစက် လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ် မြင်းကပါ ခေတ်မီစံပြကျေးရွာအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြင်းကပါကျေးရွာအတွက် ခေတ်မီ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်း(Smart Village) ရန်ပုံငွေ ကျပ်သိန်း(၆၀၀)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေး စီမံကိန်း(RBF) ရန်ပုံငွေ ကျပ်သိန်း(၃၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း (၁၅၀)ကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာတွင်းလမ်း ဂျင်းကျောက်ခင်းခြင်းပြီးစီးမှုနှင့် အုတ်စီရေမြောင်း ပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာ အဝင်လမ်းပေါ်ရှိ ရေကျော်တည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံး လမ်းရေရှည် ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


