နေပြည်တော် နိုဝင်ဘာ ၂၂

 

ရာဂီမုန်တိုင်းဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးဖြစ်ပွားခဲ့ပြီး ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအားဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့ ဆောင်ရွက် ခဲ့သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အကြီးအကဲက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လကုန်အပြီး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသဖြင့် ဦးစီးဌာနများအနေဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဌာနအချင်းချင်း ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ဦးစီးဌာနအလိုက် ဝန်ထမ်းများ၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့သည့် ရေပေးရေးအဖွဲ့ ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြပြီး ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာအတူတကွ စားသုံးကြသည်။

 

 မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင် မြေ၉၇ဒသမ၆၅ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် နွားမွေးမြူရေးလုပ်ငန်းသို့သွားရောက်၍ နွားမွေးမြူရာတွင် ခြံလှောင်စနစ်၊ လွှတ်ကျောင်းစနစ်တို့ဖြင့် ဆောင်ရွက်မည့် အခြေအနေ၊ နွားစာဟင်းနုနယ်ရွက်ပင် စိုက်ပျိုး ဆောင်ရွက်မည့်  အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ စိမ်းလဲ့မြေ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသော မျှစ်ခြောက်ကုန်ထုတ်လုပ်မှု စက်ရုံသို့ သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)